International News

ကျောက်မျက်နှင့် ကျောက်မျက်ရတနာပို့ကုန်မြှင့်တင်ရေးကောင်စီ(GJEPC)သည် မွမ်ဘိုင်းမှ အိန္ဒိယ၏ ပထမဆုံးလက်ဝတ်ရတနာများအား အမြန်ချောပို့စနစ်ဖြင့်တင်ပို့မှုကို ကူညီဆောင်ရွက်ပေး

Last Updated:

နိုင်ငံတကာကုန်သွယ်မှုကို ရိုးရှင်းစေရန် ၎င်း၏အစပျိုးမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နိုင်ငံတွင်း ကျောက်မျက်နှင့် လက်ဝတ်ရတနာတင်ပို့မှုအတွက် အဓိကအဖွဲ့အစည်းဖြစ်သော ကျောက်မျက်နှင့် ကျောက်မျက်ရတနာပို့ကုန်မြှင့်တင်ရေးကောင်စီ (GJEPC)သည် မွမ်ဘိုင်းမြို့မှ အိန္ဒိယ၏ ပထမဆုံးလက်ဝတ်ရတနာများကို အမြန်ချောပို့စနစ်ဖြင့် တင်ပို့မှုကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အွန်လိုင်းမှတစ်ဆင့် ကျောက်မျက်ရတနာများရောင်းချသည့် Caratlane ကုမ္ပဏီမှ အိန္ဒိယနိုင်ငံ၏ ပထမဆုံးလက်ဝတ်ရတနာ ၄ မျိုးကို  Air India လေကြောင်းလိုင်းမှတစ်ဆင့် အမေရိကန်သို့ တင်ပို့မှုသည် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော်ဖြစ်ကြောင်း သိရသည်။

GJEPC ဥက္ကဋ္ဌ Vipul Shah က ကျောက်မျက်ရတာနာကဏ္ဍကို အစိုးရမှ အရေးကြီးသည့်ကဏ္ဍအဖြစ် အလေးအနက်ကတိပြုချက်များထုတ်ပြန်ကြေညာအပြီး တစ်နှစ်အတွင်း ယခုကဲ့သို့ အမြန်ချောပို့စနစ်ဖြင့် ပို့ကုန်တင်ပို့မှုကို အလျင်အမြန်အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မွန်ဘိုင်းအကောက်ခွန်သည် ကျောက်မျက်လုပ်ငန်း၏ လက်ရှိစိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားကာ အရေးကြီးသောအချိန်ကာလတစ်ခုတွင် ဤခြေလှမ်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အမြန်ချောပို့ စနစ်ဖြင့် ကျောက်မျက်ရတနာများတင်ပို့ခြင်းသည် စျေးကွက်သစ်များရှာဖွေပေးနိုင်သည်သာမက ပြည်ပရှိ လက်လီရောင်းချသူများနှင့် စားသုံးသူများထံ တိုက်ရိုက်ရောက်ရှိစေခြင်းဖြင့် ကျောက်မျက်ရတနာတန်ဖိုးမြှင့်ပို့ကုန်များကို သိသိသာသာချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း၊ ကျောက်မျက်ရတနာပို့ကုန်အတွက် အမြန်ချောပို့စနစ်အသုံးပြုခြင်းသည် ပုံမှန်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ကုန်ကျစရိတ် ၇၀ ရာခိုင်နှုန်းလျှော့ချနိုင်ခြေရှိပြီး အိန္ဒိယတစ်ဝှမ်းရှိ လက်ဝတ်ရတနာလုပ်ငန်းအများအပြားကို e-commerce နယ်ပယ်သို့ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ဂူဂျာရတ်ပြည်နယ်အပါအဝင် အဓိကကျောက်မျက်နှင့် လက်ဝတ်ရတနာများထုတ်လုပ်သည့် ဒေသများနှင့် နီးကပ်စွာတည်ရှိနေသည့် မွမ်ဘိုင်းသည် ဤဝန်ဆောင်မှုမှတစ်ဆင့် များစွာအကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း၊ ဤဖွံ့ဖြိုးတိုးတက်မှုသည် ကျောက်မျက်လုပ်ငန်း၏ တိုးတက်မှုကို ပိုမိုမြှင့်တင်ရန် မျှော်လင့်ထားကြောင်း၊  အထူးသဖြင့် e-commerce အပိုင်းတွင် ပို့ကုန်များအတွက် လမ်းကြောင်းသစ်များဖွင့်လှစ်ရန် မျှော်လင့်ထားကြောင်းလည်းဖော်ပြထားပါသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် ကျောက်မျက်ရတနာများအား အမြန်ချောပို့စနစ်ဖြင့် တင်ပို့မှုများအား စတင်ခွင့်ပြုနေမှုအခြေ အနေနှင့် အီလက်ထရောနစ်ကုန်သွယ်မှုနည်းစနစ်ကိုအသုံးပြုပြီး ပို့ကုန်မြှင့်တင်ရေးနည်းလမ်းသစ်များ ဖော်ထုတ်ဆောင်ရွက်နေမှုအခြေအနေများကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: GJEPC facilitates India’s first jewellery exports through courier mode from Mumbai, The Economic Times, 8 September 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

Category: International News